knowledge

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

ချောဆီဆိုတာ လိင်ဆက်ဆံတဲ့အခါမှာ ထိခိုက်ပွန်းပဲ့မှုနည်းစေဖို့၊ အဝင်အထွက်ချောစေဖို့အတွက် မဖြစ်မနေ အသုံးပြုပေးရပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သဘာဝချောဆီ နည်းသွားပြီး မိန်းမကိုယ်ခြောက်သွေ့တာမျိုး ဖြစ်နိုင်တဲ့အတွက် ချောဆီမသုံးဘဲ လိင်ဆက်ဆံရင် အနာတရဖြစ်မိပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်နိုင်ပါတယ်။

တံတွေးကို ချောဆီအဖြစ်နဲ့ သုံးလို့ရလား။
တံတွေးဟာ ကနဦးထိုးသွင်းကာစမှာ အဝင်အထွက်ကို ချောမွေ့စေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခြောက်သွားတတ်ပါတယ်။ ဒါ့အပြင် ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားရဲ့ ပါးစပ်မှာ အနာဖြစ်နေရင်၊ ရေယုန်ပေါက်နေရင်၊ ခံတွင်းသန့်ရှင်းမှုမရှိရင် ပါးစပ်ထဲက ရောဂါပိုးတွေဟာ တံတွေးကနေတစ်ဆင့် မိန်းမကိုယ်ထဲကို ဝင်သွားပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ တံတွေးကို ချောဆီအဖြစ် သုံးရတော့မယ်ဆိုရင် ထိုးသွင်းဆက်ဆံခံရသူအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်တံတွေးကိုသာ အသုံးပြုသင့်ပါတယ်။

ကွန်ဒုံးသုံးရင် ချောဆီသုံးသင့်လား။
တချို့သော ကွန်ဒုံးအမျိုးအစားတွေမှာ ချောဆီအနည်းငယ် ပါပြီးသားဆိုပေမယ့် လိင်ဆက်ဆံနေစဉ် လွယ်ကူချောမွေ့စေဖို့အတွက် အပြင်ကနေ ချောဆီအကူ ထပ်လိုက်ပေးဖို့ အရေးကြီးပါတယ်။ ကွန်ဒုံးတွေဟာ ပွတ်တိုက်ဖန်များလာတာနဲ့အမျှ ပေါက်ပြဲသွားနိုင်တဲ့အတွက် ဒါကို မဖြစ်ရအောင် ရေအခြေပြု ချောဆီများနဲ့ သုတ်လိမ်းပြီးမှသာ လိင်ဆက်ဆံခြင်းကို ပြုသင့်ပါတယ်။

ဘယ်လိုချောဆီအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူမလဲ။
ချောဆီမှာ ပါဝင်တဲ့ပစ္စည်းတွေကို လေ့လာကြည့်ရင်း ဘယ်အမျိုးအစားက သင်နဲ့ သင့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်အတွက် အသင့်လျော်ဆုံးဖြစ်မလဲဆိုတာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

၁။ Water-based ချောဆီ
ရေဓာတ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီတွေကိုတော့ အမျိုးသားတွေရော အမျိုးသမီးအများစုပါ ကြိုက်နှစ်သက်ကြပါတယ်။ ထိုးသွင်းဆက်ဆံခြင်းပြုရာမှာတင် မကဘဲ လက်နဲ့ အပြန်အလှန် အာသာဖြေခြင်း၊ ကွန်ဒုံးတွေနဲ့ တွဲဖက်အသုံးပြုလို့ ကောင်းတယ်။ ထိုးသွင်းဆက်ဆံနေချိန်မှာ ကွန်ဒုံးပေါက်ပြဲမသွားစေဖို့ ကာကွယ်ပေးနိုင်တယ်။

မိန်းမကိုယ်မှာ အသုံးပြုတဲ့အခါ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးလို့ ပွတ်တိုက်မှု၊ နာကျင်မှုဒဏ်ကို သက်သာစေပြီး လိင်ဆက်ဆံပြီးချိန်မှာတောင် မိန်းမကိုယ် ယားယံပြီး နေရထိုင်ရခက်တာမျိုး မဖြစ်စေပါဘူး။ အဝတ်အစား၊ အိပ်ရာခင်းတွေကိုလည်း အစွန်းအထင်းမပေစေဘူး။ အရေပြား ယားယံတာ၊ ချွဲကျိကျိဖြစ်နေတာမျိုးလည်း မရှိဘူး။ ရေနဲ့ ဆေးရုံနဲ့ အလွယ်တကူပြောင်သွားနိုင်ပါတယ်။ ချောဆီအမျိုးအစားတွေထဲမှာ အကောင်းဆုံးအဖြစ် သတ်မှတ်လို့ ရပါတယ်။

၂။ Silicone-based ချောဆီ
မကြာခဏ ယားယံခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ မိန်းမကိုယ်ပိုင်ရှင်လေးတွေအတွက် အသင့်တော်ဆုံး ချောဆီဖြစ်ပါတယ်။ ဆီလီကွန်ပါဝင်မှုကြောင့် ပိုးသားလေးလို နူးညံ့သွားစေပြီး ဓာတ်မတည့်တာ၊ ယားယံတာတွေ မကြာခဏ ဖြစ်တတ်တဲ့ မိန်းကလေးတွေအတွက် ရွေးချယ်ဝယ်ယူသင့်တယ်နော်။

ဒါ့အပြင် ချောဆီနည်းနည်းထည့်ပြီးတာနဲ့ အကြာကြီး ခံစေလို့ မကြာခဏ ဆီလိမ်းပေးနေစရာမလိုဘဲ တစ်ကြိမ်၊ ၂ကြိမ် လိမ်းပေးရုံနဲ့ အဆင်ပြေချောမွေ့စွာ လိင်ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။

၃။ Oil-Based ချောဆီ
ဒါကတော့ ထိုးသွင်းခြင်း မစတင်ခင်မှာ ချောဆီတစ်ကြိမ်ပဲ သုံးပြီး လက်အပေခံ သက်သာချင်တဲ့ ပုရိသတွေအတွက် အသုံးဝင်ပါတယ်။ သဘာဝဆီကိုပဲ အခြေပြု ထုတ်လုပ်ထားတာဖြစ်ပြီး လိင်ဆက်ဆံခြင်းအတွက်သာမက ကိုယ့်ချစ်သူကို တယုတယ နှိပ်နယ်ပေးဖို့အတွက်လည်း အသုံးဝင်ပါတယ်။

မကောင်းတဲ့ အချက်ကတော့ Latex လို့ခေါ်တဲ့ ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးနဲ့ တွဲပြီး အသုံးပြုမယ်ဆိုရင်တော့ ပေါက်ပြဲဖို့ လွယ်ကူနိုင်ပါတယ်။ မိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး ပိုမိုအနံ့အသက်ပြင်းစေဖို့၊ ယားယံစေဖို့နဲ့ တခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ဒါ့အပြင် အဝတ်အစားတွေ၊ အိပ်ရာခင်းတွေမှာ အစွန်းအထင်းဖြစ်လာခဲ့ရင်လည်း ဖျက်ဖို့ အင်မတန်ခက်ခဲတဲ့အတွက် သိပ်ပြီး အသုံးမပြုသင့်ပါဘူးလို့ အကြံပြုလိုက်ပါတယ်။

အပေါ်မှာ ပြထားတဲ့ ချောဆီ ၃မျိုးကတော့ ဝယ်ယူမှုအများဆုံး ဖြစ်ပြီး အနံ့အသက်ကိုတော့ ကိုယ်နဲ့ ကိုယ့်ချစ်သူရဲ့ အကြိုက်ပေါ် မူတည်ကာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ချောဆီဝယ်ယူတဲ့အခါမှာ အညွှန်းကို အရင်ဆုံး သေချာဖတ်ကြည့်ဖို့ အရေးကြီးပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ

– Glycerin
– Nonoxynol-9
– Petroleum
– Propylene Glycol
– Chlorhexidine Gluconate တို့ဟာ မိန်းမကိုယ် ယားယံခြင်း၊ နီရဲပြီး ပူစပ်ပူလောင်ဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်းကို ပိုပြီး ဖြစ်စေနိုင်တဲ့အတွက် ဒီပစ္စည်းတွေ ပါဝင်တဲ့ ချောဆီကိုတော့ အတတ်နိုင်ဆုံးရှောင်တာ အကောင်းဆုံးပါပဲ။

ချောဆီအသုံးပြုဖို့ နည်းလမ်းမှန်ဆိုတာ ရှိလား။
မရှိပါဘူး။ မိန်းကလေးအတွက်ပဲ ဖြစ်စေ၊ ယောက်ျားလေးအတွက်ပဲဖြစ်စေ ထိုးသွင်းဆက်ဆံမှု ရှိရှိ၊ မရှိရှိ ချောဆီကို ကိုယ့်ရဲ့ လိင်အင်္ဂါပတ်လည်မှာ နှံ့စပ်နေအောင် သုတ်လိမ်းပေးဖို့သာ လိုပါတယ်။ တစ်ကိုယ်ရေအာသာဖြေတဲ့ အချိန်မှာလည်း ဒီအတိုင်းပါပဲ။

မိန်းမကိုယ်ကို ဖြစ်စေ၊ စအိုဝကို ဖြစ်စေ ထိုးသွင်းဆက်ဆံမှု ပြုတော့မယ်ဆိုရင်တော့ အမြဲတမ်း ကွန်ဒုံးကို စနစ်တကျ စွပ်ဖို့ မေ့လို့တော့ မဖြစ်ဘူးနော်။ ပေါက်ပြဲထိခိုက်တာ၊ ပွန်းပဲ့တာ နည်းစေဖို့ ထိုးသွင်းဆက်ဆံခြင်း မပြုမီ လိင်တံပေါ် စွပ်ထားပြီးသား ကွန်ဒုံးနဲ့ မိန်းမကိုယ်၊ စအိုပတ်လည်မှာ ချောဆီလိမ်းပေးတာ အကောင်းဆုံးပါပဲ။

ချောဆီကို ဘယ်မှာ ဝယ်လို့ရနိုင်မလဲ။
နီးစပ်ရာ ဆေးဆိုင်တွေ၊ စတိုးဆိုင်တွေမှာ ဝယ်ယူလို့ ရပါတယ်။ ချောဆီဝယ်ယူတဲ့အခါ ရေအခြေပြု (Water-based) အမျိုးအစားကို ဦးစားပေးပြီး ရွေးဝယ်ဖို့နဲ့ လိင်ဆက်ဆံတဲ့အခါတိုင်းလည်း မလိုလားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်မယ့် ကွန်ဒုံးတွေကိုပါ တစ်ပါတည်း ဝယ်ယူဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat