knowledge

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Sex Toy အသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toy တွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

Sex Toy အသုံးပြုရခြင်းရဲ့ ကောင်းကျိုး
ခုပြောပြပေးမယ့် အချက်တွေက Sex Toy အသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

၁။ လိင်ဆန္ဒအထွတ်အထိပ် ရောက်တာမြန်စေတယ်။
ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမဲ့ မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းက Clitoris လို့ ခေါ်တဲ့ မိန်းမကိုယ်အစေ့ လှုံ့ဆော်မှုကောင်းစွာ မရတာ၊ အမျိုးသားတွေရဲ့ ဆက်ဆံနိုင်စွမ်း စတာတွေနဲ့ သွားပြီးသက်ဆိုင်နေလို့ပါ။ ထိုးသွင်းဆက်ဆံမှုမပြုခင်နဲ့ လိင်ဆက်ဆံနေစဉ် Sex Toy တွေကို အသုံးပြုပြီး မိန်းမကိုယ်အစေ့ကို လှုံ့ဆော်ပေးခြင်းဟာ အမျိုးသမီးရဲ့ ကာမဆန္ဒကိုလည်း လှုံ့ဆော်ပေးနိုင်သလို အထွတ်အထိပ်ရောက်ဖို့လည်း ပိုပြီးလျင်မြန်စေပါတယ်လို့ ဆိုထားကြပါတယ်။

၂။ ချစ်သူနှစ်ဦးကြား အပေးအယူကို ပိုမျှလာစေတယ်။
တစ်ခါတလေမှာ လိင်မှုကိစ္စက အပေးအယူမမျှလို့ စိတ်တိုင်းမကျရနိုင်တာမျိုးတွေ ရှိပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ သူတို့လိုချင်တဲ့ ဆန္ဒ၊ အိပ်ရာပေါ်က အနေအထား (Sex position)၊ စတာတွေရှိပါတယ်။ Sex Toy တွေကို အသုံးပြုတဲ့အခါ တစ်ဦးတစ်ယောက်စီရဲ့ ခန္ဓာကိုယ်အနေအထား၊ အကြိုက်တွေနဲ့ ခံစားသက်ဝင်မှုစတာတွေကို ပိုပြီးနားလည်သဘောပေါက်လာစေတဲ့အတွက် လိင်ဆက်ဆံတဲ့အခါ ပိုပြီးကောင်းတဲ့ ခံစားမှုမျိုးကို နှစ်ဦးလုံး ခံစားရစေနိုင်ပါတယ်။

၃။ ထိုးသွင်းဆက်ဆံမှသာ အထွတ်အထိပ်ရောက်နိုင်တာ မဟုတ်ကြောင်းကို နားလည်လာတယ်။
ဒါကတော့ အမျိုးသားတွေအတွက်တော့ ပိုပြီး သက်ရောက်စေတဲ့အချက်ပါ။ အမျိုးသားအများစု မှားယွင်းစွာ လုပ်တတ်ကြတဲ့ အချက်က လိင်မှုကိစ္စစတင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့အဖော်ကို လိင်စိတ်ကြွလာအောင် နှိုးဆွပေးခြင်း မရှိဘဲ သမားရိုးကျ ထိုးသွင်းဆက်ဆံလိုက်တာပါပဲ။ အဲဒီအခါ ကိုယ်ကကောင်းပြီး၊ ပြီးသွားရင်တောင် ကိုယ့်အဖော်က ဆန္ဒမပြည့်ဝဘဲ ဟာတာတာဖြစ်ကျန်ခဲ့မှာပါ။ Sex Toy တွေရဲ့ အားသာချက်က ထိုးသွင်းဆက်ဆံခြင်းမပါဘဲနဲ့လည်း နှစ်ဦးသား ဆန္ဒအထွတ်အထိပ် ရောက်စေနိုင်တယ်၊ ကာမခလုတ်တွေကို တစ်ခုချင်း ဖွင့်ဟပေးလိုက်တဲ့အတွက် စိတ်ကြွစေတယ်၊ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ရော၊ ကိုယ့်အဖော်ကိုပါ ဘယ်လိုကိုင်တွယ်ဆက်ဆံရင် ပိုကောင်းနိုင်လဲဆိုတဲ့ အသိကို ပေးစွမ်းနိုင်ပါတယ်။

၄။ သုက်လွှန်မြန်တဲ့သူတွေအတွက် အသုံးဝင်တယ်။
သုက်လွှန်မြန်တာက ယောက်ျားလေးတွေမှာ အဖြစ်များတဲ့ လိင်ကျန်းမာရေးပြဿနာတစ်ခုပါ။ ယာယီဖြစ်တဲ့သူတွေလည်း ရှိသလို လိင်ဆက်ဆံတိုင်း ဖြစ်နေတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုမျိုး သုက်လွှတ်မြန်တာက အမျိုးသားတွေအတွက်လည်း မကောင်းသလို ကိုယ်နဲ့ ဆက်ဆံရမယ့် မိန်းကလေးတွေအတွက်လည်း ကာမသုခကို ဘာမှခံစားလိုက်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် လိင်ဆက်ဆံခြင်းမပြုခင်မှာ ကိုယ့်ရဲ့ ချစ်သူကို Sex Toy များဖြင့် ကြိုတင်နှိုးဆွပေးခြင်းဖြင့် သူတို့အတွက်လည်း အထွတ်အထိပ်ရောက်ဖို့ မြန်စေသလို ကိုယ့်ရဲ့ သုက်လွှန်မြန်တဲ့ပြဿနာကြောင့် စိတ်ထဲ အစိုင်အခဲတစ်ခုလို အားမလိုအားမရဖြစ်တဲ့စိတ်တွေ သိပ်ပြီးကျန်ခဲ့မှာ မဟုတ်ပါဘူး။

၅။ ပိုကောင်းတဲ့ ကာမသုခကို ခံစားရစေတယ်။
အမြဲတမ်း ဒီလိုပုံစံ၊ ဒီလိုအနေအထားနဲ့ပဲ ဆက်ဆံတဲ့အခါ စုံတွဲတွေအတွက် လိင်ဆက်ဆံရမှာကို ရိုးအီသွားတာ၊ စိတ်မပါတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါ Sex Toy တွေရဲ့ အကူအညီနဲ့ ငြိမ်းမလိုဖြစ်နေတဲ့ ကိုယ်နဲ့ကိုယ့်ချစ်သူကြား ကာမမီးကို ပြန်ပြီးတောက်လာအောင် မီးညှိပေးလို့ရပါတယ်။ ဒါ့အပြင် Sex Toy တွေက ကိုယ့်အဖော်အတွက်လည်း ကာမဆန္ဒကို နှိုးဆွပေးနိုင်သလို လိင်ဆက်ဆံတဲ့အခါ ပိုကောင်းတဲ့ ခံစားချက်မျိုးလည်း ရစေတယ်။ ရှက်ရွံ့စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ နည်းသွားပြီး လိင်ဆက်ဆံရမှာကို စိတ်အားတက်ကြွလာစေပါတယ်။

Sex Toy တွေ အသုံးပြုတာ ကောင်းသလား၊ ဆိုးသလား။
များသောအားဖြင့် Sex Toy တွေဟာ စုံတွဲတွေအတွက် ကျန်းမာရေးအရ ဒုက္ခဖြစ်စေတာမျိုး မရှိသလို လိင်ဆက်ဆံရာမှာလည်း အဟန့်အတားဖြစ်စေတာမျိုး မရှိတဲ့အတွက် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တပ်ထွက်လိုမျိုး သုက်လွှတ်မြန်သူတွေ၊ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ဆရာသိပ်မကျသေးတဲ့ အမျိုးသားတွေ၊ ကိုယ့်ချစ်သူ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လို နှိုးဆွရမလဲ ကောင်းစွာ မသိသူတွေအတွက် Sex Toy တွေ အသုံးပြုပေးခြင်းဖြင့် ကာမစိတ်ကို ပြန်ပြီးနိုးကြားတက်ကြွလာစေနိုင်ပါတယ်။

အကယ်လို့ ကိုယ့်ချစ်သူနဲ့ မဟုတ်ဘဲ သူစိမ်းနဲ့ ဆက်ဆံမှာဆိုရင်တော့ Sex Toy မျှဝေသုံးစွဲတာမျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းက လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရနိုင်ဖို့အခွင့်အလမ်းများလို့ပါ။ ပုံမှန်အားဖြင့် Sex Toy အသုံးပြုပြီးတိုင်း ရေ၊ ဆပ်ပြာနဲ့ သေချာပွတ်တိုက်ဆေးကြောပြီး အခြောက်ခံထားဖို့နဲ့၊ ဖုန်တက်နေတဲ့ Sex Toy တွေကို မဆေးဘဲ အသုံးမပြုဖို့တော့ သတိထားသင့်ပါတယ်။

ရေးသားသူ Ye Myo Myat